Wednesday, March 5, 2014

ဓုတင်အရာ၌ဧတဒဂ်ရရှင်မဟာကဿပမထေရ်အကြောင်း သိကောင်းစရာ

ဓုတင်အရာ၌ဧတဒဂ်ရရှင်မဟာကဿပမထေရ်အကြောင်း သိကောင်းစရာ

အရှင်မဟာကဿပမထေရ်အလောင်းရှေးဆုတောင်း---အရှင်မဟာကဿပအလောင်းတော်သည် ပဒမုတ္တရဘုရားလက်ထက်တော်ဝယ်ဟံသာဝတီမြို့၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော ဝိဒေဟမည်သော သူကြွယ်ဖြစ်ခဲ့လေသည်။ တနေ့သောအခါ ကျောင်းတော်သို့သွားစဉ်ဘုရားရှင်က မဟာနိသဘမည်သော မထေရ်ကို“ဓုတင်အရာ၌ အမြတ်ဆုံး=ဧတဒဂ်ရာထူး” ချီးမြှင့်တော်မူတာ ကြားသိရ၍ ကြည်ညိုစိတ်ဖြစ်ပေါ်လာသောကြောင့် နက်ဖြန်အတွက် ဘုရားအမှူးရှိသောရဟန်းသံဃာအား ဆွမ်းဖိတ်ခဲ့လေသ ည်။ ဝေဒေဟဥပါသကာသည် နောက်နေ့ဝယ် ဘုရားရှင်နှင့် ရဟန်းသံဃာတော်တို့အား ဆွမ်းဆက်ကပ်နေသောအခါတွင် ဆွမ်းခံကြွလာသော မဟာနိသဘထေရ်ကို မြင်၍ သပိတ်တောင်းယူကာ အိမ်တွင်းသို့ပင့်ခေါ်သော်လည်း မထေရ်မြတ်က “ဒါယကာအိမ်တွင်းသို့ဝင်၍ နေထိုင်ရန် အပ်စပ်လိမ့်မည်မဟုတ်”ဟု ပြောဆိုတော်မူလေသည်။ ဥပါသကာသည် သပိတ်အပြည့် ဆွမ်းထည့်၍ မထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလေသည်။

ထို့နောက် ဘုရားရှင်၏အနီးသို့ပြန်လာ၍ “ရှင်တော်မြတ်ဘု ရား...မဟာနိသဘထေရ်ကို အိမ်တွင်းသို့ ပင့်ပါသော်လည်း အရှင်မြတ်သည် မဝင်လိုပါ။ ထိုမထေရ်မြတ်မှာ အရှင်ဘုရားတို့၏ ဂုဏ်ကျေးဇူးထက် သာလွန်သော ဂုဏ်ကျေးဇူးများ ရှိပါသလားဘုရား”ဟုမေးမြန်းလျှောက် ထားလေသည်။

ဘုရားရှင်တို့၏သန္တာန်တော်၌ ဂုဏ်ကျေးဇူးကို ဝန်တိုမှုတရား-ဟူ၍ လုံဝမရှိပါ (ဗုဒ္ဓါနဉ္စ ဝဏ္ဏမစ္ဆေရံ နာမ နတ္ထိ)၊ သို့ဖြစ်၍ ဘုရားရှင်က “ဒါယကာ...ငါတို့သည် ဆွမ်းကိုငံ့၍ အိမ်၌ ထိုင်နေကြကုန်၏၊ နိသဘမထေရ်ကား ဤသို့ ထိုင်၍ ဆွမ်းကို ငံ့လင့်မှုအလင်းပင်မပြုချေ၊ ငါတို့သည် ရွာနီးကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား တောကျောင်း၌သာ နေလေ့ရှိ၏။ ငါတို့သည် အမိုးရှိသောကျောင်း၌ နေထိုင်ကြကုန်၏။ နိသဘထေရ်ကား ဟင်းလင်းအပြင် လွင်တီးခေါင်၌ သာလျှင်နေလေ့ရှိ၏” ဟု မထေရ်မြတ်၏ ဂုဏ်ကျေးဇူးများကိုအကျယ် ဟောကြားတော်မူလေသည်။

ဝေဒေဟဥပါသကာသည် အတိုင်းထက်အလွန် သဒ္ဓါကြည်ညိုဖြစ်ကာခုနစ်ရက်တိုင်တိုင် ဆွမ်းအလှူကြီးပေးပြီးနောက် ခုနစ်ရက်မြောက်နေ့မှာ ဘုရားအမှူးရှိသောရဟန်းအပေါင်အား တိစီဝရိတ်တစုံစီ လှူဒါန်းဆက်ကပ်ပြီးလျှင်မဟာနိသဘ မထေရ် ရအပ်သော ရာထူးကဲ့သို့ဓုတင်အရာ၌ အမြတ်ဆုံး ဧတဒဂ်ရာထူးကို တောင်းဆုချွေခဲ့လေသည်။

နောက်ဆုံးဘဝ၊ ရဟန်းပ၊ ဓုတဧတဒဂ်---ထိုဆုတောင်းကြောင့်ပင် နောက်ဆုံးဘဝ ဂေါတမဘုရားရှင် လက်ထက်တော်ဝယ်အရှင်မဟာကဿပ အမည်တော်ဖြင့် “ကိလေသာကို ခါတွက်ကြောင်း ကောင်းမြတ်သော ဓုတင်ပဋိပတ်အကျင့်မြတ်ကို ကိုယ်တိုင်လည်း ကျင့်သုံး၍ သူတပါးတို့ကိုလည်း ဟောကြားပြသ ဆိုဆုံးမကြသော ဘုရားရှင်၏ တပည့်ရဟန်းတို့တွင် အမြတ်ဆုံး ဧတဒဂ်ရာထူး”ကို ရရှိတော်မူလေသည်။(အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၄၃)

ဥရုဝေလကဿပ, နဒီကဿပ, ဂယာကဿပ, ကုမာရကဿပ-ဟူသော ဤငယ်ကုန်, အလွန်ငယ်ကုန်သော မထေရ်တို့ကိုစွဲ၍ ကြီးမြတ်တော်မူေ သာကြောင့်“မဟာကဿပ”ဟု ခေါ်သည်။

မှတ်ချက်။ ။ ဗာကုလထေရ်သည်ကိုယ်တိုင် ဓုတင်ကျင့်တော်မူ၏။ သူတပါးတို့အား ဓုတင်ကို ဟောကြားတော် မမူချေ။ ဥပနန္ဒထေရ်သည်ကိုယ်တိုင်တော့ ဓုတင်မကျင့်၊ သူတပါးတို့အားသာဓုတင်ကို ဟောကြားတော်မူသည်။ မဟာကဿပထေရ်ကား ကိုယ်တိုင်လည်း ဓုတင်ကျင့်၍ သူတပါးတို့အား ဟောကြားတော်မူလေသည်။(အံ-ဋ္ဌ-၁၊ ၁၂၆၊ ၁၂၇)

No comments:

Post a Comment